ကယားပြည်နယ်ဝန်ကြီးချုပ် စံပြဝက်မွေးမြူရေးခြံနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဇန်နဝါရီ        ၂၆

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် လွိုင်ကော်ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး နှစ်ထပ်အဆောက်အအုံရုံး အသစ ဆောင်ရွက်နေမှုနှင့် အမှတ်(၄)လမ်း ကျောက်စီရေနုတ်မြောင်းနှင့် ပလက်ဖောင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် စံပြဝက်မွေးမြူရေးခြံဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်၏မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များအား သရုပ်ပြပညာပေးဆောင်ရွက်နိုင်ရန် အကောင် အထည်ဖော်ဆောင်ရွက်ထားရှိသည့် စံပြဝက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက ဒုတိယအသုတ်မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က စံပြဝက်မွေးမြူရေးခြံဖြစ်သည့်အတွက် မွေးမြူ ဆောင်ရွက်လိုသူများအား စနစ်တကျပညာပေးသရုပ်ပြသနိုင်ရေးနှင့် ဝက်သားပေါက်များကို စဉ်ဆက်မပြတ် မွေးမြူဖြန့်ဖြူးနိုင်ရေး၊ အနံ့အသက်ဆိုးများ မထွက်ရှိစေရေးနှင့် ကူးစက်ရောဂါများကျရောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ရေနီကန်ကျေးရွာ ပျားလုပ်ငန်းဌာနခွဲ၊ အခြေစိုက်ပျားဘုရင်မမွေးမြူရေးစခန်းတွင် ပျားများ မွေးမြူထားရှိမှု အခြေအနေနှင့် ပျားစာရပန်းနှမ်းစိုက်ခင်း စိုက်ပျိုထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်လမ်းဦးစီးဌာနသို့ရောက်ရှိကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့်ဆောက်လုပ်သည့် ခရိုင်လမ်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး (၆၀ပေ x ၄၃ပေ) သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံ တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး ဆောင်ရွက်သွားရန်၊ လုပ်သားအင်အားနှင့် အလုပ်ချိန်တိုးမြှင့်ဆောင်ရွက်သွားရန်၊  မြေပြင်လုပ်ငန်းများသာမက ရုံးလုပ်ငန်းများပါ စနစ်တကျ အချိန်မီပြီးစီးစေရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကြီးကြပ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းရာနှုန်းပြည့်ပြီးစီး၍ စာရင်းစစ်ဆေးမှုခံနိုင်သည်အထိ ပြင်ဆင်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေသည့် ဒေါဉခူရပ်ကွက် အမှတ် (၄)လမ်းမကြီးတစ်လျှောက် ကွန်ကရစ်ကျောက်စီ ရေနုတ်မြောင်းနှင့် ပလက်ဖောင်း အရှည် ၂၂၅ မီတာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအမီ ဆောင်ရွက်ပြီးစီးရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လမ်းနှင့်လမ်းပခုံးများအား သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)