ငဖဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ငဖဲ ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ငဖဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအကြို အခြေခံပညာအထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းဖွားအကနှင့် Physical Fitness Dance အကဖြင့် သရုပ်ပြဖျော်ဖြေကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် အားလပ်ချိန်များတွင် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များစာဖတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအကြို အခြေခံပညာအထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာဦးမျိုးဝင်းက ပြိုင်ပွဲဝင် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ လူငယ်နှင့်စာပေ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာကြည့်တိုက်မှာပညာရှာ ခေါင်းစဉ် ၃ မျိုးဖြင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းဆင့်  ကျောင်းသားကျောင်းသူ (၁၅)ဦး တို့က အားမာန်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)