မြိတ်မြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံး ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်  လက်မှတ်ရေးထိုး

ထားဝယ်    ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့အကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် နေရောင်ခြည်စွမ်းအင်သုံး ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း စီမံကိန်းနှင့်စပ်လျဉ်း၍ တည်ဆောက်၊ ပိုင်ဆိုင်၊ လုပ်ကိုင်ခြင်းဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုသည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးသို့ မဟာဓာတ်အားလိုင်း မရောက်ရှိသေးသောကြောင့် ခရိုင်/မြို့နယ်အလိုက် လျှပ်စစ်မီးရရှိရေးအတွက်ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၀ ပြည့်နှစ်ကစ၍ လျှပ်စစ်မီးရရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်အနေဖြင့် ဂက်စ်ရရှိသည့်အတွက်ကြောင့် ယခုအခါတွင် လျှပ်စစ်ဓာတ်အားခဈေးနှုန်းသက်သာပြီး မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့နယ်များတွင် လျှပ်စစ်မီးအပြည့်အဝရရှိသော်လည်း ဓာတ်အားခဈေးနှုန်းအနည်းငယ်မြင့်တက်နေသဖြင့် တိုင်းဒေသကြီးတွင်ရှိသော အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးခဲ့ရကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ခရိုင်၊ မြို့နယ်များတွင်  ၂၄ နာရီ လျှပ်စစ်မီးအပြည့်အဝရရှိရေးနှင့် ယူနစ်ဈေးနှုန်းသက်သာအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြိတ်မြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များက  ဆိုလာဖြင့်နေအိမ်များအား မျှဝေသုံးစွဲနိုင်အောင်ဆောင်ရွက်ခဲ့သောကြောင့်အချို့နေရာများ၌ ဈေးနှုန်းသက်သာခဲ့ကြောင်း၊ ကော့သောင်းမြို့နယ် တွင် ၁၀ မဂ္ဂါဝပ်  မီးအပြည့်အဝရရှိရေးနှင့် ယူနစ်ဈေးနှုန်းသက်သာအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြိတ်မြိုနယ်တွင်လည်း ဒီဇယ်ဖြင့်ဆောင်ရွက်ထားသည်များရှိပြီး ယူနစ်ဈေးနှုန်းလျော့ချနိုင်ရေးအတွက် ဆိုလာနည်းပညာဖြင့် ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်ထားကြောင်း၊ မီးသုံးစွဲသူပြည်သူများအား ၂၀ မဂ္ဂါဝပ်ဖြင့် နေ့ဘက်တွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့် ဖြူးပေးနိုင်ပြီး မြိတ်မြို့နယ်တွင် စက်မှုလက်မှုလုပ်ငန်းများပြားကာ ရေခဲစက်ရုံ၊ ငါးမှုန့်စက်ရုံ၊အအေးခန်းအပါအဝင်ကျန်ရှိသော ရေထွက်ကုန်နှင့်ပတ်သက်၍ဆောင်ရွက်ထားကြောင်ပြောကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့အကြား မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ အုပ်စုတွင် နေရောင်ခြည်စွမ်းအင်နည်းပညာဖြင့် ၂၀ မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းစီမံကိန်းနှင့်စပ်လျဉ်း၍ တည်ဆောက်၊ ပိုင်ဆိုင်၊ လုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူစာချုပ်(Bulld own and Operate – BOO)လက်မှတ်ရေးထိုးချုပ်ဆို ခဲ့ကြကြောင်း သတင်းရရှိသည်

တိုင်းဒေသကြီး(ပြန်/ဆက်)