လိပ်‌သိုဒေသထွက် မျှစ်ချဉ်များဈေးကောင်းရရှိ

လိပ်သို ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဝါးအမျိုးမျိုးမှရရှိသော မျှစ်များကို ကုန်ကြမ်းအဖြစ် ရောင်းချကြသည့်အပြင် တာရှည် အထားခံအောင် ထုတ်လုပ်ထားသော မျှစ်ချဉ်များသည် ယခုဆောင်းရာသီ ကာလရောက်ရှိချိန်တွင် ဝယ်ယူစားသုံးသူများ တိုးပွားလာလျက်ရှိနေကြောင်း သိရသည်။

ယခင်နှစ်ကာလများက ဒေသခံများမှာ မျှစ်များကို မိသားစုစားသုံးရန် အတွက်သာ တာရှည်ခံအောင် ပြုလုပ်ထားသိုသိမ်းဆည်းလာခဲ့ကြရာမှ ယခုအခါ စနစ်တကျသန့်ရှင်းစွာ ထုတ်လုပ်ထုပ်ပိုးပြီး ထားသိုတတ်လာကြခြင်းကြောင့် ဆောင်းရာသီကာလ ရောက်ရှိလာချိန်တွင်မျှစ်ချဉ်တစ်ပိဿာလျှင် ကျပ် (၁၇၀၀)မှ (၁၈၀၀) အထိ ဈေးရရှိနေကြောင်း သိရသည်။

ဒေသခံများသည် မျှစ်ချဉ်အပြင် မျှစ်ချဉ်ခြောက်၊ ရိုးရိုးမျှစ်ခြောက်၊ မျှစ်ချိုများကို စားသုံးသူများအကြိုက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တာရှည်အထားခံအောင် ထုတ်လုပ်ထုတ်ပိုး သိုလှောင်ထားကြပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။

နော်ဖလောရင်း