လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

လှိုင်းဘွဲ ဇန်နဝါရီ ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မြိုင်ကြီးငူ)၌ သင်တန်းသူများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းခန်းမတွင် ပြုလုပ်သည်။

အဆိုပါဟောပြောပွဲ၌  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လူငယ်နှင့်အနာဂတ်ရည်မှန်းချက်များ၊ လူမှောင်ခို လူကုန်ကူးမှုအန္တရာယ်များအကြောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးရီက သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက  စိတ်ကြွမူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များ အကြောင်း၊ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေနှင့်အဖွဲ့ဝင် ဦးအောင်တိုးဝင်းတို့က လူငယ်များသိရှိလိုက်နာကြရမည့် ဥပဒေများအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ကြသည်။

အလားတူ စုံနံ့သာမြိုင် အခြေခံပညာအထက်တန်းကျောင်းခွဲ(မြိုင်ကြီးငူ)၌လည်း မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာဟောပြောပွဲကိုဆောင်ရွက်ခဲ့ကြပြီး လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသပေးသည့် လူကုန်ကူးမှုများနှင့်မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)