ကျွန်းစု ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ ကျွန်းစုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခွာညိုလမ်းသွယ်ရှိ လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ဒေါ်သီတာဝင်းသည် နေအိမ်၌ အိပ်နေစဉ် အိမ်နောက်ဖေးတွင်သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုးများ ရှော့ဖြစ်၍ နေအိမ်အား ကာရံထားသည့် ဝါးထရံမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ထွန်းနိုင် ဦးစီး(၁+၁၄)ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ရပ်ကွက်နေ ပြည်သူများက ရေဂါလံ ၄၀၀၀ ခန့်အသုံးပြု၍ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ မီးသတ်ရေသယ်ယာဉ် ၁ စီး တို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းခဲ့ကြရာ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ မိနစ် ၄၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ဒေါ်သီတာဝင်း နေထိုင်သည့် အလျား ၃၅ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည်နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ မီးလောင်မှုကြောင့် ဒေါ်သီတာဝင်းအား မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)