ပုသိမ် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၌ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က မဟာကွန်ပျူတာသိပ္ပံဘွဲ့(M.C.Sc) (၁)ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc)(၅၇)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့(B.C.Teth)(၉)ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc)အဝေးရောက်ဘွဲ့ယူသူ(၈)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့(B.C.Teth)အဝေးရောက်ဘွဲ့ယူသူ(၁)ဦးတို့အား စုစုပေါင်း(၇၆)ဦးအား ဘွဲ့များအပ်နှင်းသည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က“မောင်တို့၊ မယ်တို့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြောင်း၊ ထို့အပြင် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ပြီး နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူကြမည့်သူများဖြစ်သည့်အတွက် မောင်တို့၊ မယ်တို့သည် နိုင်ငံတော်အတွက် အဓိကအင်အားဖြစ်ကြောင်း၊ မောင်တို့မယ်တို့၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်များမြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာ တွေးခေါ်မြော်မြင်လာနိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကို ကောင်းသထက်ကောင်းအောင် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်အထိ မဟာဘွဲ့ရရှိသူ (၇၃)ဦး၊ ရိုးရိုးဘွဲ့နှင့် ဒီပလိုမာဘွဲ့ အပါအဝင် စုစုပေါင်းဘွဲ့ရရှိသူဦးရေ (၂၀၃၂)ဦးကို ဘွဲ့အပ်နှင်းချီးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)