ပဲခူး ဇန်နဝါရီ ၂၅
ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုနှင့် မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးနေမှုတို့အား ဇန်နဝါရီ၂၅ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်လွင်နှင့် ဦးခင်မောင်ကြီးတို့ သွားရောက်ကြည့်ရှုအားပေးသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များသည် ဝေါမြို့၊ ဧချမ်းသာယာရပ်ကွက်၊ အထက(ဧချမ်း)ရှိ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)၊ ချမ်းမြသာစည်ရပ်ကွက်၊ မြို့နယ်ခန်းမဆောင်အရှေ့ခြမ်း(ချမ်းမြ)ရှိ မဲရုံအမှတ်(၁)၊ အရှေ့ဘက်ခြမ်းရပ်ကွက်၊ အထက(အဝေါအရှေ့) ရှိ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)တို့၌ မဲဆန္ဒရှင် ပြည်သူများလာရောက်ဆန္ဒမဲပေးနေမှုနှင့် တာဝန်ရှိသူများက ဆန္ဒမဲပေးသူများ လွတ်လပ်စွာဖြင့် ဆန္ဒမဲအား အချိန်ကုန်သက်သာစွာမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုတို့အား ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဝေါမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၆၃)ခု၌ ဆန္ဒမဲပေးသည့် မဲရုံ(၁၀၇)ခုရှိပြီး သက်ဆိုင်ရာ မဲရုံများအလိုက် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆန္ဒမဲပေးသူများအား ကုသိုလ်ဖြစ် ရေသန့်၊ အအေးဗူးနှင့် မုန့်များပေးဝေလျက်ရှိကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်(၂၈)မြို့နယ်ရှိပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)အား မြို့နယ်(၈)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်တွင်လည်းကောင်း၊ အပိုင်း(၂)အဖြစ် (၁၂)မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့တွင်လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယနေ့တွင် အပိုင်း(၃)အား ကျန်ရှိသည့် မြို့နယ်(၈)မြို့နယ်တို့တွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကျင်းပသည့် မြို့နယ်အားလုံး၌ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)