ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ထုံးအိုင်တိုက်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ခု၊ ပြည်နယ်အစိုးရအထွေထွေပိုလျှံရန်ပုံငွေကျပ် ၂၄၆ သန်းဖြင့် ဘားအံမြို့နယ်၊ဖားအွံကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာအဝင်လမ်း တပေါင်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုကိုကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် လမ်းနယ်နိမိတ်၊ အကျယ်ရရှိအောင် ကျေးရွာသူ၊ ကျေးရွာသားများနှင့်ညှိနှိုင်းဆောင်ရွက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၆၅ သန်းဖြင့် ဖအွံ-တောင်သူကုန်းလမ်းဘေး မြောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက အဆိုပါမြောင်းကူးတံတားပေါ်မှဖြတ်သန်း၍ သွင်းအားစုများနှင့် လယ်ယာသုံးစက်ကိရိယာများ လွယ်ကူစွာဝင်ထွက်သွားလာနိုင်မည့် အခြေအနေများကိုရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံဆွေးနွေး၍ တောင်သူတောင်းဆိုသည့် ကျွဲကူးလမ်းပေါ်တွင် မြောင်းကူးတံတား(၂)နှစ်စင်းနှင့် ကုန်ထုတ်လမ်းတစ်လမ်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ခြံကလေး-တောင်သူကုန်း-ဖအွံလမ်းပေါ်ရှိ ပြည်နယ်လမ်းဦးစီးဌာန၏ ပေ ၃၀၊ အရှည် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ရေး လုပ်ငန်းခွင်နှင့်တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့ (၁၄)မှ  ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေနှင့်(ဖြည့်စွက်)ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကော့ကျိုက်-ကော့ပရံ-ဇာသပြင် အဖြောင့်လမ်းပေါ်ရှိ တံတားအမှတ်(၃/၁၃)အား ပေ ၂၁၀ အရှည် သံကူကွန်ကရစ်တံတားသစ်တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်အား လမ်းဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တံတားအထူးအဖွဲ့(၁၄)မှ ဒုတိယညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက် ပြီးစီးရမည့်လုပ်ငန်းများ၊ မိုးမကျမီပြီးစီးရမည့်လုပ်ငန်းများအချိန်မီပြီးစီးစေရေးနှင့် မျှော်မှန်းကာလအတွင်း အချိန်မီပြီးစီး အောင် အရည်အသွေးပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)