ပုလော ဇန်နဝါရီ ၂၅
ပုလောမြို့နယ်၌ (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို ယနေ့နံနက် ၆ နာရီမှ စတင်ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ မဲဆန္ဒနယ်မြေအသီးသီးရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
ထိုသို့ဆန္ဒမဲပေးရာတွင် မဲရုံမှူးများနှင့်အဖွဲ့ဝင်များက မဲရုံမဖွင့်လှစ်မီ မဲပုံးများကို ပါတီကိုယ်စားလှယ်များအားပြသ၍ လုံခြုံရေးကြိုးများတပ်ဆင်ပြီးနောက် နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ရာ ဆန္ဒမဲပေးရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ် ပြသပြီးလျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ခဲ့ကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပုလောမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားအခွင့်အရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရရှိသော အခွင့်အရေးကို လက်လွတ်မခံ အမျိုးသားရေးအခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝ အသုံးချကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်လျက်ရှိကြောင်း၊ ပုလောမြို့နယ်အနေဖြင့် ရပ်ကွက်(၉) ရပ်ကွက်၊ ကျေးရွာအုပ်စု(၆) အုပ်စု တွင် မဲရုံပေါင်း(၂၈)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၄၉၆၉၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ပုလော(ပြန်/ဆက်)