စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းဝါလမ်းမှ စိန်ပန်းပြာလမ်းအထိ ပြည်ထောင်စုလမ်းရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့်ရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၃၀၀ ဦးကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် မုံရွာ-ရေဦးကားလမ်းမပေါ်ရှိ ကန်သာယာကန်မှ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေးအထိ အရှည်ပေ-၁၅၅၀၀ ပေ၊ ၄ ပေအကျယ်ရှိ အုတ်စီရေမြောင်းတူးဖော်ခြင်းနှင့် လမ်းဘေး ဝဲ/ယာ ကွန်ကရစ်ခင်းခြင်း၊ ကပ်တုံးပြုလုပ်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တည်ဆောက်ရေးတာဝန်ခံများမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မှုများအပေါ် စေတနာထားကာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် လုပ်ငန်းများစံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူတည်ဆောက်နေသည့် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက- ၃.၈ ဧကအကျယ်တွင် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေးစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အဆိုပါဝန်းအတွင်း အဝင်မုဒ်ဦး၊ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်အရောင်းဆိုင်၊ အပိုပစ္စည်းဆိုင်၊ အလှဆင်ပစ္စည်းအရောင်းဆိုင်၊ ရေဆေးဆီလိုက်လုပ်ငန်း၊ စားသောက်ဆိုင်များနှင့် အတွင်းပတ်လမ်း နိုင်လွန်ကတ္တရာလမ်းများ ဆောင်ရွက်နေမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်ပေါ်၌ နှစ်ဘက်လှ ၄၆ ပေရှိ We Love Monywa သံဖရိန် ဆိုင်းဘုတ်ပြုလုပ်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက တည်ဆောက်ရေးလုပ်ငန်းများနှင် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

တိုင်းဒေသကြီး(ပြန်/ဆက်)