တောင်ငူ ဇန်နဝါရီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှမှ တိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများသည် တောင်ငူခရိုင်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအထွေထွေပိုလျှံ (GRF) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖြူးမြို့နယ် ဝဲဒေါင့်- မင်းကံရိုးလမ်း (ဝ/ ၆.၇မိုင်) ကျောက်လမ်းပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ တောင်ငူမြို့နယ် အင်ဒိုင်း-ချောင်းဖြူ-ပဲချက်ကုန်းလမ်း (၀/၂.၅မိုင်) ကျောက်ချောခင်းခြင်းလုပ်ငန်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု၊ ရေတာရှည်မြို့နယ်အတွင်း သပြေတန်း-ထန်းကုန်း-ဇလုပ်ကြီးလမ်းပေါ်ရှိ ရွာဝင်တံတား သံကူကွန်ကရစ်တံတား (6.1m)(၁)စင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများမှ အဆိုပါတံတားအား ဆောလျင်စွာ အသုံးပြုနိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)