ထားဝယ် ဇန်နဝါရီ ၂၄
ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြနှင့် ဒိုင်သင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသက်စိုးက တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် အားကစားနှင့်ကာယပညာဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်အသီးသီးရှိ ကျောင်းများတွင် ခရစ်ကက်အားကစားနည်းကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်ကစားလာစေရန်၊ ခရစ်ကက်အားကစားနည်းကို လေ့လာလိုက်စားကစားခြင်းဖြင့် ကျောင်းသား/သူ၊ လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်လာစေရန်၊ အရည်အချင်းပြည့်ဝသော နည်းစနစ်ကျွမ်းကျင်သူနည်းပြများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်ခရစ်ကက် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ မြို့နယ်၊ ကျောင်းများတွင်မျိုးဆက်သစ် ခရစ်ကက်အားကစားသမားများ ထွက်ပေါ်လာအောင်၊ ခရစ်ကက် အားကစားနည်းကို တိုးတက်လာအောင် ဆက်လက်ဆောင်ရွက်ကြရန် ကျောင်းသား/သူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုသူများ ဖြစ်အောင် စည်းရုံးဆောင်ရွက်သွားရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် တာဝန်ခံနည်းပြအရာရှိ ဦးသူရအောင်က ခရစ်ကက်သင်တန်းနှင့် ခရစ်ကက်ပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုဆုချီးမြှင့်ကာ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် သင်တန်းသား/သူများအား ချီးမြှင့်ငွေပေးအပ်သည်။
ဆက်လက်၍ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား အားကစားဝတ်စုံနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)