လွိုင်ကော် ဇန်နဝါရီ ၂၃
နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အဖွဲ့ဝင်များ၊ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်မည့် နည်းလမ်းကောင်းများ ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေနှင့် ဦးတည်ချက် (၄) ရပ်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့်အချက်ကို ထည့်သွင်း ချမှတ်ထားပြီး တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း ဒေသတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဆေးရုံ၊ ဆေးပေးခန်းနှင့် ကျန်းမာရေးဌာနခွဲများကို ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါကာကွယ်ဆေးများကိုလည်း မြို့ပြကျေးလက်မကျန် အသက်အရွယ်နှင့် ဆေးအမျိုးအစားအလိုက် ထိုးနှံပေးလျက်ရှိကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး မှတ်တမ်း Video ကို ပြသခဲ့ကြောင်းသိရ သည်။
ပြည်နယ်(ပြန်/ဆက်)