မြဝတီမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောက်ရွက်

မြဝတီ ဇန်နဝါရီ  ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် မှီတင်းနေထိုင်ကြသည့် ပြည်သူများမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများတိုးပွားလာစေရန်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့်  မြဝတီမြို့သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ တာဝန်ရှိသူများပူပေါင်း၍ အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ က အမှတ်(၁) ရပ်ကွက်၊ ပျံကျစျေး (ခွန်ဆာစျေး)အတွင်းရှိ စျေးသူ၊ စျေးသားများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာ၌ ခရိုင်အဆင့် ပလတ်စတစ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍  မီးခိုးမြူငွေ့အန္တရာယ်ဆိုင်ရာနှင့်စပ်လျဥ်းသည့် မီးခိုးမြူငွေ့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မီးခိုးမြူငွေ့လျှော့ချ ရေးထိန်းသိမ်းရမည့် နည်းလမ်းများ၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်လာမည့်ပြဿနာများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ မီးခိုးမြူငွေ့တွင်ပါဝင်သည့် အဆိပ်ဓာတ်ငွေ့များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများနှင့် လတ်တလောခံစားရနိုင်သော ​ကျန်းမာရေးပြဿနာများစသည့်အချက်များပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို  ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)