သာယာဝတီ ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို သာယာဝတီခရိုင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်း/ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များကို စနစ်တကျ ထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ် ရောင်းချမှု ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ်အနေဖြင့် မြို့ပေါ် ၂၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၈ အုပ်စုရှိ အိမ်ထောင်စု တစ်စုလျှင် ဆီစာအုပ် တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် ၁ ဦး၊ လက်လီအရောင်း ၃၃ ဦးမှ တစ်လလျှင် ဆီပေပါပေါင်း ၅၁၂ ပေပါ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပင်စင်စားများနှင့် သာရေးနာရေးဆိုင်ရာ ကိစ္စရပ်များအတွက်ကိုလည်း တစ်လတစ်ကြိမ် ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)