ဓနုဖြူ ဇန်နဝါရီ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ဇန်နဝါရီလ ၂၂ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဓနုဖြူမြို့နယ် အမှတ် (၁၇) ရပ်ကွက်ရှိ မဲပေးစက်များထားရှိရာ ရွှေဟင်္သာကျောင်းနှင့် ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးအတွင်းဗိမာန်၌ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ ၊ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက အမှတ် (၁၇) ရပ်ကွက်ရှိ ရွှေဟင်္သာကျောင်းတိုက် ဗိမာန်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထားရှိရာနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေတွင်းကုန်းကျေးရွာအုပ်စုရှိ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးအတွင်း ဗိမာန်သို့သွားရောက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်လွင်နှင့်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းက မဲရုံမှူး၊ ဒုမဲရုံမှူးများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အား နည်းလမ်းတကျ ကိုင်တွယ် အသုံးပြုနည်းများ၊ လွှတ်တော်အလိုက် မဲပေးစက်များဖြင့် အချိန်မီမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ထားရမည့်အချက်များ၊ ရွေးကောက်ပွဲအား အချိန်ကြန့်ကြာမှုမရှိစေပဲ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်ရေးနှင့် ဆန္ဒမဲပေးသူများ မဲရုံပရဝုဏ်အတွင်း အေးချမ်းစွာမဲပေးနိုင်ရေး သိရှိလိုက်နာ ဆောင်ရွက်ရမည့်လုပ်ငန်းများအား လမ်းညွှန်မှာကြားခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက် ၁၈ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၆၃) အုပ်စုတွင် မဲရုံပေါင်း (၁၅၈) ရုံမှ မဲဆန္ဒရှင်ပြည်သူ (၁၁၄၆၆၄) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရသည်။
အောင်ပြည့်ဖြိုးဇော်