မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့များသို့ ဆန္ဒမဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

ညောင်တုန်း ဇန်နဝါရီ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ မဲရုံများတွင်အသုံးပြုရန်အတွက် ဆန္ဒမဲပေးစက်နှင့်မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံသို့ ဇန်နဝါရီလ ၂၂ ရက်နေ့နံနက်ပိုင်းကစတင်၍ အမှတ်(၃) ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ထုတ်ပေးခဲ့သည်။

မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်အဖွဲ့ဝင်များက ကြီးကြပ်၍ ဆန္ဒမဲ ပေးစက်နှင့်ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ လုံခြုံရေးကြိုးစသည့်မဲရုံသုံးပစ္စည်းများ၊ ဆန္ဒမဲပေးရာတွင် မဲရုံများ၌ အသုံးပြုရမည့်ပုံစံများကို ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် မဲရုံမှူးများထံသို့ ထုတ်ပေးခဲ့သည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ညောင်တုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၅၄) အုပ်စုတို့တွင် မဲရုံ (၂၀၂) ရုံရှိပြီး မဲဆန္ဒရှင် စုစုပေါင်း (၁၅၈၄၅၁) ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ သိရသည်။

မြို့နယ်(ပြန်ဆက်)