ဘားအံ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများကို ဘဏ္ဍာနှစ်များအလိုက် လျာထားတည်ဆောက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိတည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁၃)မှ တာဝန်ယူတည် ဆောက်သည့် (၉၆ပေ x ၆၈ပေ) ၄ ခန်းတွဲ ၄ ထပ် ဆရာဝန်အိမ်ရာတစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အဆောက်အဦအထူးအဖွဲ့(၁၃) ဒုတိယညွှန်ကြားရေးမှူးတို့က တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦ ၅၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၃၅၁ ဒဿမ ၀၂ သန်းဖြင့် ၁၂၀ပေ x ၃၀ပေ RCC တစ်ထပ် plinth level (၄)ပေ (column+slab) ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်း ဆောင်သစ် ၈၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးမှုအားကြည့်ရှုစစ်ဆေးကာ မျှော်မှန်းကာလအတွင်း အချိန်မီပြီးစီးအောင် အရည်အသွေး ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၌ အလျား ၃၄၅ ပေ၊ အနံ ၂၂၅ ပေရှိ ဘောလုံးကွင်းတည်ဆောက်ခြင်း ဖြတ်မြေဖို့မြေလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးတို့ကတည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)