ကန့်ဘလူမြို့နယ်၌ ကင်းတပ်လက်ဝဲတူးမြောင်း ရေထုတ်ပေါက် ရေတိုက်စားမှု ပြုပြင်ပြီးစီး

ကန့်ဘလူ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကင်းတပ်လက်ဝဲတူးမြောင်း က/တ ၂၉/၀၀၀ ရှိ ရေထုတ်ပေါက်အထွက်ပိုင်း ရေတိုက်စားမှုအား Gabion box ချ၍ ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ရေထုတ်ပေါက် ရေတိုက်စားမှုအား ပြုပြင်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ(ငွေလုံးငွေရင်း) ကျပ်သိန်း ၄၅၀ ဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်လက်ဝဲတူးမြောင်း ရေပေးဝေမှုအား မိုးစပါးရေးပေးဝေရာသီ ပြီးဆုံးချိန် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ပထမပတ်မှ နွေစပါးရေပေးဝေရေးစတင်မည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်ထိ ရေဖြတ်ကာလသတ်မှတ်ကာ ယင်းကာလအတွင်း ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးထက်အောင်က ပြောသည်။

ကန့်ဘလူမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီအမီ ဘဏ္ဍာနှစ်အလိုက် ရေပေးမြောင်းများ၊ ရေပေးအဆောက်အအုံများ ပြင်ဆင်မွမ်းမံခြင်း၊ မြောင်းစစ်လမ်းများ၊ မြောင်းပေါင်များ ပြုပြင်ဆောင် ရွက်ပေးသကဲ့သို့ ဒေသခံတောင်သူလယ်သမားများ စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက်လည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်စဥ်နွေစပါးစိုက်ပျိုးရေကို ကင်းတပ်လက်ဝဲတူးမြောင်းမှ ဧက ၂၀၀၀၀ ကျော်ကို ပေးဝေလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)