ပေါင်းတည်၌ ဆောင်းရာသီ ဟင်းသီးဟင်းရွက် ဧကတစ်သောင်းကျော် စိုက်ပျိုးထုတ်လုပ်

ပေါင်းတည် ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆောင်းရာသီ ဟင်းသီးဟင်းရွက် (၁၂၀၉၉) ဧက စိုက်ပျိုးထုတ်လုပ်ကြကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုအခါ ဟင်းသီးဟင်းရွက်များလှိုင်လှိုင် ထွက်ရှိ‌နေကြပြီး ဒေသတွင်းဈေးကွက်များသာမက အင်းစိန်၊ ဒညင်းကုန်းနှင့် ရန်ကုန် ပင်မကုန်စိမ်းပွဲရုံကြီးများသို့ပင် အရည်အသွေးမီစွာ တင်ပို့နိုင်ကြသဖြင့် ဈေးကွက် အခိုင်အမာရရှိခဲ့ကြောင်း၊ ဈေးကွက်များမှ လည်းဈေးကောင်းပေး ဝယ်ယူကြသဖြင့် စိုက်ပျိုးသူများလည်း အကျိုးအမြတ်များ ခံစားရကြောင်း တောင်သူများထံမှ သိရသည်။

တောင်သူများသည် ထိုစိုက်ခင်းများအတွက် မြို့နယ်အတွင်းရှိ ဝဲကြီး၊ တောင်ညိုနှင့် လှေဆိုင်ချောင်းရေများကို ရေခပ်မောင်းများ၊ ရေတင်စက်များဖြင့်လည်းကောင်း၊ အချို့နေရာများ၌ ကန်‌ရေ၊ တွင်းရေ၊ သိုလှောင်ရေနှင့် မြေအောက်ရေတို့ဖြင့် လည်းကောင်းစိုက်ပျိုးရေ ရယူကာ လယ်မြေ၊ ယာမြေနှင့် ဥယျာဉ်မြေများတွင် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)