ဖောင်းပြင်မြို့၌ ဝက်သားဈေးကောင်းသဖြင့် မွေးမြူရေးလုပ်ကိုင်သူများအဆင်ပြေ

ဖောင်းပြင် ဇန်နဝါရီ ၂၁

ဖောင်းပြင်မြို့၌ ဝက်အစာများဖြစ်သည့် ဖွဲနှင့်ဆန်ကွဲတို့မှာ လိုသလောက်လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ပြီး ဝက်သားဈေးကောင်းသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း အင်ကြင်းမြိုင်ရပ်ကွက်တွင် မွေးမြူရေးလုပ်ကိုင်နေသူ ဦးကျော်မြင့် ထံမှသိရသည်။

"လက်ရှိမှာက ဝက်သားဈေးနှုန်း တစ်ပိဿာကို လေးသောင်းလောက်ရှိတော့ ဝက်လိုင်စင်ကလည်း ဈေးကောင်းပေးဝယ်နေပါတယ်။ ကျွန်တော်တို့ဒေသကထွက်တဲ့ ဖွဲနု၊ ဖွဲကြမ်းနဲ့ ဆန်ကွဲကလည်း ဈေးနှုန်းချိုတော့ ဝက်မွေးရတာတွက်ခြေကိုက်ပါတယ်။ ဝက်အကောင်ရေများများမွေးနိုင်တဲ့သူက ပိုပြီးတော့ စီးပွားဖြစ်ပါတယ်။" ဟု ၎င်းကပြောပြသည်။

ဝက်မွေးမြူရေးအစာအဖြစ် မွေးမြူရေးအစာအိတ်နှင့် ဒေသထွက်ဖွဲနှင့်ဆန်ကွဲတို့ကို အသုံးပြုကာ ဝက်မွေးမြူရေးကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်လုပ်ကိုင်လျက်ရှိပြီး မွေးမြူရေးအစာအိတ် ကျွေး၍‌မွေးမြူပါက ၄ လအတွင်း ဈေးကွက်သို့ ရောက်ရှိနိုင်ကြောင်း၊ ဒေသထွက်ဖွဲနှင့်ဆန်ကွဲကျွေး၍ မွေးမြူပါက ၈ လမှ တစ်နှစ်အထိမွေးမြူရကြောင်းသိရသည်။

မွေးမြူရေးအတွက် ဝက်သားပေါက်တစ်ကောင်လျှင် ကျပ် ၅၀၀,၀၀၀ ပေးဝယ်ရပြီး ဈေးကွက်သို့ ရောက်ရှိချိန်အထိ စုစုပေါင်းကုန်ကျစရိတ် ကျပ် ၈၀၀၀၀၀ အထိကုန်ကျမှုရှိကြောင်း၊ ရောင်းချရပါက ကျပ် ၁၄၀၀၀၀၀ မှ ကျပ် ၁၇၀၀၀၀၀ အထိ ဈေးရရှိပြီး မွေးမြူရေးလုပ်ကိုင်ခြင်းဖြင့် စားဝတ်နေရေးအပြင် စီးပွားရေးအဆင်ပြေလျက်ရှိကာ ဝက်မွေးမြူရေးကို အများအပြားလုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)