ဖောင်းပြင် ဇန်နဝါရီ ၂၁
ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်း(အ-ထ-က ဖောင်းပြင်)တွင် ၂၀၂၅- ၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် "နိုင်ငံတော်အဆင့် Top-10 အဆင့်ဝင်၊ တိုင်းဒေသကြီးအဆင့် (Top-2) /(Top-4)အဆင့်ဝင်များ၊ ၄ ဘာသာဂုဏ်ထူးရှင်များအပါအဝင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၆၄ ဦးနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကာယ၊ ဉာဏပြိုင်ပွဲအသီးမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဦးစွာ အခမ်းအနားကို "စုံညီပွဲတော်" သီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက သီဆိုကာ ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအကျိုးဆောင်အဖွဲ့ဝင် အငြိမ်းစားကျောင်းဆရာကြီး ဦးတင်အောင်ချစ်က အမှာစကားပြောကြားကာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်မောင်က စုံညီပွဲတော်ကျင်းပခြင်းနှင့် ကျောင်း၏ပညာရေးကဏ္ဍအခြေအနေများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်စွာအောင်မြင်အောင် သင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများကို လည်းကောင်း၊ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲအသီးသီးမှ ဆုရကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများကို ခေတ္တနယ်မြေတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ဟိန်းထွဋ်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရှမ်းနီတပ်ရင်းမှူး ဦးအောင်ရွှေတို့က အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တေးသီးချင်း၊ အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)