လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးစေရန်ကျုံပျော်မြို့နယ်၌  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကျုံပျော် ဇန်နဝါရီ ၂၁

လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့်ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ အထောင်မြို့၊  အခြေခံပညာအထက်တန်းကျောင်း၊ မြတ်လေးခန်းမ၌ ဇန်နဝါရီလ ၂၀ ရက် နံနက်  ၉  နာရီ အချိန်က ကျင်းပပြုလုပ်သည်။

ဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍၎င်း၊ ဖွံ့ဖြိုးတိုးတက်သူများ၏ စံနမူနာယူသင့်သည့် အလေ့အကျင့်များကို၎င်း၊  ဗလငါးတန်ပြည့်စုံသည့်လူငယ်များဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သင့်သည်များကို ၎င်းဆွေးနွေးပြောကြားသည်။

ထို့နောက်    Grade (10)မှ ကျောင်းသူများဖြစ်ကြသည့် နော်အက်စတာသက်နှင့် နန့်ဖြူစင်လင်းထက်၊  Grade (11)မှ ကျောင်းသား ကျောင်းသူများဖြစ်ကြသည့်  မောင်စိုးမြတ်ဟိန်းနှင့် မသင်းမြတ်လှိုင် တို့က လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်စာဖတ်ခြင်း၊  လူငယ်နှင့်အားကစားစသည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ထို့နောက် စကားဝိုင်းတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအားမေးမြန်းရာ ဦးဆောင်ဆွေး‌နွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ထို့နောက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် သုတ၊ ရသစာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊  ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့  အထောင်မြို့ အ.ထ.ကမှ   ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင်ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)