ကျွန်းလှမြို့နယ်၌ ဆောင်းနှမ်း ဧက ၆၅၀၀ ကျော်ရိတ်သိမ်းပြီးစီး

ကျွန်းလှ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ မုန်ညှင်းစေ့သီးနှံများစိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ‌နှမ်းသီးနှံ ဧက ၆၅၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ဒီနှစ်ဆောင်းရာသီမှာ ဆီထွက်သီးနှံစိုက်ပျိုးဖို့ ၁၄၀၃၃ လျာထားပြီး ၁၄၀၃၇ ဧက စိုက်ပျိုး နိုင်ခဲ့ပါတယ်။ အခုအခါ ၆၅၅၁ ဧက ရိတ်သိမ်းပြီး ကျန်တဲ့စိုက်ဧကများ ဆက်လက်ရိတ်သိမ်း နေကြပါတယ်။ ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရန် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးခဲ့ပါတယ်။ သီးထပ်၊ သီးညှပ်စိုက်ပျိုးဖို့ တောင်သူတွေနဲ့ဆွေးနွေးလျက်ရှိပါတယ်”ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေ တင်ပြီး ဆီထွက်သီးနှံ ၃၅၂၈၀ ဧက၊ ပဲမျိုးစုံ ၂၁၈၉၆ ဧက၊ စားဖိုဆောင်သီးနှံ ၉ ဧက၊ အခြားသီးနှံစုံ ၃၇၁၇ ဧက၊ စုစုပေါင်း ၆၀၉၀၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ