ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်

ဟားခါး ဇန်နဝါရီ ၂၁

ချင်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆ ) ကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများတွင်ပါဝင်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကလေးအလုပ်သမားကိစ္စသည် မလိုအပ်သည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးနှင့်ဆိုင်သည့်ကိစ္စလည်းဖြစ်သည့်အတွက် ဗဟိုကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ကော်မတီ၊ ခရိုင်၊ မြို့နယ်အဆင့်လုပ်ငန်းကော်မတီများအပြင် လုပ်ငန်းဆပ်ကော်မတီများပါဖွဲ့စည်း၍ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်မှုကို (၆) လတစ်ကြိမ် အစိုးရအဖွဲ့ကို တင်ပြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ချက်များကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်က ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကို မည်မျှအလေးထားသည်ကို သိရှိနိုင်ပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းသည် နယ်ပယ်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှ အဆင်ပြေမည့်လုပ်ငန်းဖြစ်ကြောင်း၊ အထူးသဖြင့် ဥပဒေပိုင်းဆိုင်ရာသည် အရေးကြီးပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းစီမံချက်များရေးဆွဲရာတွင် ဒေသနှင့်ကိုက်ညီမှုရှိ သည့်စီမံချက်များဖြစ်ရန်လည်းလိုအပ်ပါကြောင်း၊ ကလေးအလုပ်သမားဖြစ်ရခြင်း၏ အဓိကအချက်များမှာ မိဘအုပ်ထိန်းသူများကိုယ်တိုင် ဆင်းရဲနွမ်းပါးခြင်း၊ ပညာရေးနိမ့်ပါးခြင်း၊ မိဘမဲ့ခြင်း၊ အိမ်ထောင်ကွဲခြင်းများကြောင့်ဖြစ်သည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းဆပ်ကော်မတီဝင်များအနေဖြင့် မိမိပတ်ဝန်းကျင်အတွင်း ကလေးအလုပ်သမားဖြစ်ရန် အလားအလာရှိသည့်ကိစ္စရပ်များနှင့် သတင်းအချက်အလက်များကို ရရှိစုဆောင်းးထားရန်လိုကြောင်း၊ မှန်ကန်သည့်အချက်အလက်နှင့် မှန်ကန်သည့်ကိန်းဂဏန်းများရရှိမှသာ ထိရောက်သည့်စီမံချက်နှင့် ထိရောက်သည့်လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခင်နှစ်များတွင် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို အတတ်နိုင်ဆုံး ဆောင်ရွက်နေသည်ကိုတွေ့ရှိရပါကြောင်း၊ ယခုနှစ်တွင်လည်း ဒေသနှင့်ကိုက်ညီသည့် လုပ်ငန်းစီမံချက်များရေးဆွဲ၍ အတတ်နိုင်ဆုံး ဆောင်ရွက်ကြစေလိုကြောင်းနှင့် တင်ပြလိုသည့်အချက်များ ဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာ စကားပြောကြားသည်။

ထို့နောက် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဟုန်းကီးက ချင်းပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းမှု၊ ကလေးလုပ်သားအဓိပ္ပာယ်ဖွင့်ဆိုချက်၊ အစည်းအဝေးကျင်းပမှု/ တက်ရောက်မှု၊ လုပ်ငန်းဆောင်ရွက်မှု၊ ဘဏ္ဍာရန်ပုံငွေသုံးစွဲမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းဆပ်ကော်မတီများဖြစ်သည့် စာရင်းကောက်ယူရေးလုပ်ငန်းဆပ်ကော်မတီ၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆပ်ကော်မတီ၊ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၊ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတ်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၊ စောင့်ကြည့် အကဲဖြတ်စိစစ်ရေးလုပ်ငန်းဆပ်ကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းဆပ်ကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များပေါ် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)