ဘားအံတက္ကသိုလ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်ငြိမ်းချမ်းရေး ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ဘားအံ ဇန်နဝါရီ ၂၁

အနာဂတ်တွင် အားကိုးအားထားပြုရမည့်လူငယ်များကို ဗလငါးတန် ဖွံ့ဖြိုးရန်လေ့ကျင့်မွေးထုတ်ပေးရာ ဘားအံတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ငြိမ်းချမ်းရေး၏ အနှစ်သာရကိုသိရှိပြီး နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်လိုစိတ်အသိပညာများ ရရှိစေရန်အတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်ငြိမ်းချမ်းရေးကျပန်းစကားပြောပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ငြိမ်းချမ်းရေး၏အနှစ်သာရကို ကျောင်းသား၊ ကျောင်းသူ လူငယ်များအားလုံး နားလည်သိရှိသဘောပေါက်ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြစေလိုကာ ငြိမ်းချမ်းရေးကိုတည်ဆောက်လက်ဆင့်ကမ်းခြင်းသည် လူသားအဖွဲ့အစည်းများ၏အနာဂတ်ကောင်းကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းသည့်လူ့အဖွဲ့အစည်းတွင်သာ လူသားများက ကြောက်ရွံ့မှုမရှိ အနှောက်အယှက်ကင်းစွာဖြင့် ပညာသင်ကြားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ၊ အိပ်မက်များကို အကောင်အထည်ဖော်ရရှိနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များက တာဝန်ယူမှု၊ဇွဲသတ္တိ၊ ဗဟုသုတတို့ဖြင့် လှုပ်ရှားနိုင်လျှင် နိုင်ငံနှင့် လူမှုအသိုင်းအဝိုင်း ပိုမိုတိုးတက်ခိုင်မာမည် ဖြစ်သည့်အတွက် ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင် ကြိုးစား၍ နိုင်ငံတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာ အစွမ်းများဖြင့် တာဝန်ထမ်းဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြား၍ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက ကျပန်းစကားပြောပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

လူငယ်နှင့်ငြိမ်းချမ်းရေးကျပန်းစကားပြောပြိုင်ပွဲကို ဘားအံတက္ကသိုလ် ဘာသာရပ်(၁၄)ခုမှ ပြိုင်ပွဲဝင်များက သတ်မှတ်ခေါင်းစဉ်များအလိုက်ကျပန်းမဲနှိုက်ပြီး မဲကျရာခေါင်းစဉ်များအတိုင်း ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပဏာမယှဉ်ပြိုင်ခဲ့ကြကာ အမှတ်အများဆုံးရရှိသူ(၅)ဦးကို စကာတင်ရွေးချယ်၍ ယနေ့ပြိုင်ပွဲတွင် ငြိမ်းချမ်းရေးအသိပညာများ အတွေ့အကြုံများလက်ဆင့်ကမ်းခြင်း၊ ငြိမ်းချမ်းသောလူ့အဖွဲ့အစည်းမြှင့်တင်ခြင်းနှင့် လူငယ်များ၏အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ လူငယ်နှင့်ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူငယ်နှင့်နည်းပညာသက်ရောက်မှုဟူသော ခေါင်းစဉ်(၅)မျိုးကို ကျပန်းမဲနှိုက်၍ ထပ်မံယှဉ်ပြိုင်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ ကြည့်ရှုအားပေးခဲ့ကြကာ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက ယှဉ်ပြိုင်ခဲ့သည့် ခေါင်းစဉ်များအလိုက် သိရှိလိုသည်များအား မွေးခွန်းများပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဘားအံတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် လူငယ်နှင့်ငြိမ်းချမ်းရေးကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)