ညောင်လေးပင် ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများအား အမှန်တကယ်ရောင်းချမှုရှိ/မရှိကို ယမန်နေ့က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
ညောင်လေးပင်မြို့နယ်အနေဖြင့် နေ့စဉ်စားအုန်းဆီပေပါ (၃၁)ပေပါ၊ တစ်လအနေဖြင့် (၇၈၅)ပေပါ၊ လစဉ်ဆီပိဿာ (၈၆၃၅၀)ပိဿာအား ခွဲတမ်းရရှိပြီး ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်ရေး၊ စျေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှုရှိစေရေးအတွက် မြို့နယ်စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ညောင်လေးပင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၄)အုပ်စုရှိ အိမ်ထောင်စုတစ်စုကိုဆီစာအုပ်တစ်အုပ်ဖြင့် လက်ကားကိုယ်စားလှယ် (၁)ဦး၊ လက်လီအရောင်းဆိုင် (၁၉)ဆိုင်မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် သာရေးနာရေးကိစ္စရပ်များအတွက်လည်း ရည်ညွှန်းစျေးဖြင့်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)