အုတ်ဖို ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ဆက်လက်ကျင်းပပြုလုပ်ရာတွင် ရာနှုန်းပြည့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းတွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ စက်ကိုင်မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့တော်ခန်းမနှင့် အ.ထ.က (အုတ်ဖို) ဧရာခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကြိုတင်စီမံထားရှိရန်တို့ကို ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက စီမံဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် မဲပေးမှုမှ အားသာချက်၊ အားနည်းချက်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးခိုင်မှ လုံခြုံရေးဆိုင်ရာများ စီမံဆောင်ရွက်ထားမှုအခြေနေတို့ကို ရှင်းလင်းပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိမှ (MEVM) မဲပေးစက်နှင့်ပတ်သက်၍ ရှင်းလင်းပြသပြီး မဲပေးစက်ကိုင်မွမ်းမံသင်တန်းကို ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများ စက်ကိုင်မွမ်းမံသင်တန်းသို့ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်များ စုစုပေါင်းအင်အား (၆၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)