သဲကုန်း ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယမန်နေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ဗောဓိ)နှင့် အခြေခံပညာမူလတန်းကျောင်း(အင်းပေါ်ကြီး)တို့တွင် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝသော လူငယ်များဖြစ်စေရန် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင် နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ လူငယ်များ သိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်ဌေးဌေးမြင့်က စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အသိပညာဗဟုသုတများ၊ စာအုပ်စာပေဖတ်ရှုရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရည်မှန်းချက်/ရည်ရွယ်ချက်ထားရှိရန်စသည့်အကြောင်းအရာများ ကို အကျယ်တဝင့်ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းသော စာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ ဘုတ်ပြားပြဇာတ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ကိုကျော်(သဲကုန်း)