တောင်ငူ ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက စာရေးသူ “လယ်တွင်းသားစောချစ်” ရေးသားထားသည့် “ကောင်းစွာပြောဆိုနိုင်ပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး (ကိုယ်စား) ဦးစီးအရာရှိ ဒေါ်ယဥ်ယဥ်အေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးရှင်းလင်းပြောကြားပြီး စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးမြသိန်းက “စကားခြောက်ခွန်း လူ၌ထွန်း၊ နှစ်ခွန်းကိုတည် လေးခွန်းပယ်” ခေါင်းစဥ်ပါ အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးသည်။
ထို့နောက် (Book Club) ဥက္ကဋ္ဌ ဦးစောဂျရုန်း (မောင်ယဥ်ထွေးတက္ကသိုလ်)က “ခွန်အားမရှိသော စကားများ” ခေါင်းစဥ်ပါ အကြောင်းအရာများ၊ (Book Club) အဖွဲ့ဝင် ပန်းချီဆရာ ဦးစိုးမြင့်လေး (တောင်ငူ)က “လူကြီးနဲ့ စကားပြောလျှင်” ခေါင်းစဥ်ပါ အကြောင်းအရာများဖြင့် ဆွေးနွေးပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးကြကာ (Book Club) နာယက ဦးမြသိန်းက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)