အုတ်တွင်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

အုတ်တွင်း ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အပိုင်း(၃)အနေဖြင့် ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း အသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူ မဲပေးကြမယ်” တိုင်းရင်းသားဘာသာ (၅)မျိုးဖြင့် ရိုက်နှိပ်သည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက စျေးလေးနှင့် နဝဒေးလမ်း လမ်းတစ်လျှောက်လူ စည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရန်အတွက် “ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြစို့”စသည့်အကြောင်းအရာများပါဝင်ကြောင်း၊ တိုင်းရင်းသားဘာသာ(၅)မျိုးဖြင့် ရိုက်နှိပ်သည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အုတ်တွင်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)