ပဲခူး ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် MSME ဒေသထွက်ကုန်များ အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် MSME ဒေသထွက်ကုန်များ အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက် MSME ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသလို ခရိုင်အလိုက်ဒေသထွက်ကုန် အရောင်းစင်တာများဖွင့်လှစ်၍ ဈေးကွက်ရှာဖွေခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်း/ ပြည်ပ ဈေးကွက်ရရှိရေးအတွက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်များတွင် ခင်းကျင်းပြသရောင်းချခွင့်ရရှိရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင်းမှထုတ်လုပ်သည့် MSME ထုတ်ကုန်များနှင့်ပတ်သက်၍ အရည်အသွေးပိုင်းဆိုင်ရာအပြင် ထုတ်ပိုးမှုအဆင့်အတန်းလည်း မြင့်မားလာစေရေး MSME လုပ်ငန်းရှင်များအားခေါ်ယူ၍ ထုတ်ပိုးစက်များဝယ်ယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးMSME အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် ဒေသတွင်း MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကွင်းဆင်းစိစစ်ခြင်း၊ ကြီးကြပ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မကြာမီ နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှစတင်၍ စွန့်ဦးတီထွင်ထုတ်လုပ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များသို့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချနေသည့် လယ်ယာသုံးပစ္စည်းများကို ဦးစားပေးပြသသွားရမှာဖြစ်ကြောင်း၊ စားသုံးကုန်နှင့်ပတ်သက်၍ အမျိုးအမည်အမယ်စုံ ခင်းကျင်းပြသရောင်းချနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝင်ရောက်ပြသသွားမည့် အစီအမံများကိုလည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက ကဏ္ဍအလိုက် ပါဝင်ပြသရောင်းချသွားမည့် ပစ္စည်းအမျိုးအမည်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများက MSME ဒေသထွက်ကုန်များ အရည်အသွေးမြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေးနှင့် ပြည်တွင်းထုတ်ကုန်အဆင့်မှ ပြည်ပပို့ကုန်အဆင့်ထိ ရောက်ရှိစေရေး ဝိုင်းဝန်အကြံပြု တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)