တမူးမြို့၌ တရားဥပဒေစိုးမိုးရေးအတွက် ရပ်ကွက်များအတွင်း လှည့်ကင်း၊ ပတ်ကင်းများနှင့် ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်

တမူး ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် တရားဥပဒေစိုးမိုးရေးအတွက် ရပ်ကွက်များအတွင်း လှည့်ကင်း၊ပတ်ကင်းများနှင့် ရှောင်တခင်စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် ဇန်နဝါရီလ ၁၉ ရက်နေ့နံနက် ၉း၃၀ နာရီ ကစပြီးတမူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများမှ နှောင့်ယှက် ပစ်ခတ်မှုများ၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ၊ ဗုံးခွဲတိုက်ခိုက်ခြင်းများစသည့် အဖျက်အမှောက် လုပ်ငန်းများမရှိစေရေးအတွက် ရပ်ကွက်များအတွင်း ယာဉ်တင်/လှည့်ကင်း/ပတ်ကင်းနှင့်ပိတ်ဆို့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါနေ့စဉ်ရွေ့လျားစနစ်ဖြင့် အရှိန်အဟုန်မြှင့် စစ်ဆေးလျက်ရှိရာတွင် တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်မင်းမှ တပ်ဖွဲ့ဝင်များအား လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်မဖြစ်စေရေးတစ်ဖွဲ့နှင့် တစ်ဖွဲ့ချိတ်ဆက်ဆောင်ရွက်ကြရန်နှင့် လိုင်စင်မဲ့မော်တော်ယာဉ်/ဆိုင်ကယ်များ စစ်ဆေးရာတွင် စနစ်တကျ စစ်ဆေးကြရန်တို့ကို လမ်းညွှန်မှာကြားထားကြောင်း သိရသည်။  

ရတနာ