ကျွန်းလှ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကာလတို၊ ကာလရှည်သီးနှံများစိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ကျွန်တော် နှစ်စဉ် ဆောင်းရာသီမှာ မြေအောက်ရေတင်ပြီး နေအိမ်ခြံဝင်းထဲ တစ်ပိုင်တစ်နိုင် ကြက်သွန်ဖြူစိုက်ပျိုးပါတယ်။ ကြက်သွန်ဖြူစိုက်ရာမှာ အရင်နှစ်ကမျိုးကို မိသားစုလုပ်အားနဲ့ စိုက်ပျိုးခြင်းဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ အရင်နှစ်က ပိဿာချိန် ၁၀၀ ခန့် ထွက်ရှိပြီး တစ်ပိဿာ ငွေကျပ် ၆၀၀၀၊ ၇၀၀၀ ရောင်းရပါတယ်။ ဒီနှစ်လည်း ကြက်သွန်ဖြူစိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန်ဈေးကောင်း ရရှိရေးမျှော်လင့် နေရပါတယ်” ဟု ကြက်သွမ်ဖြုစိုက်သူ ဦးနေလင်းက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာ၌ ချောင်းရေနှင့် မြေအောက်ရေတင်ပြီး ယာခင်းများနှင့် နေအိမ်ခြံဝင်းများအတွင်း ပန်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိကြပြီး မိသားစုဝင်ငွေရရှိကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ