စစ်ကိုင်း ဇန်နဝါရီ ၂၀
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီလ(၁၉)ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေမင်းဝံ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာ၊ ဗဟုသုတများ ပြည့်စုံစေရန်၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုကြရေး၊ ငယ်စဉ်ကပင် စာဖတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ကြရေး၊ အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့် မျိုးဆက်သစ် လူငယ်လေးများ ဖြစ်လာစေရေးစသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များနှင့် ဦးစီးအရာရှိ ဦးနေလင်းအောင်က လူငယ်ရေးရာအသိပညာပေး သိကောင်းစရာများကို အသီးသီး ဟောပြောခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ ရသစာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)