သဲကုန်း ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံတာဝန်ကျဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေက အဖွင့်အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား တာဝန်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသော မဲရုံတာဝန်ကျဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် သိရှိလိုသည်များ ဆွေးနွေးတင်ပြကြရာ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးတင်ရွှေမှ လိုအပ်သည်များအား နိဂုံးချုပ်ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)