ခန္တီး၊ ဇန်နဝါရီလ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေဖတ်ရှုလိုစိတ်များ ပေါ်ပေါက်လာစေရန်နှင့် အတွေးအခေါ်များမြင့်မားလာစေရန် ရည်ရွယ်၍ ခန္တီးမြို့တွင် နယ်လှည့် အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ခန္တီးမြို့ အ.မ.က(၇)ကျောင်းတွင် ယမန်နေ့ကပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဟော ပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားကာ "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရုပ်သံကျွမ်းကျင်- ၃ ဒေါ်တင်မာဦးက "တစ်ပါးသူမနာလိုကိုယ်ကျိုးပျက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ကျူးစတီးနားက "အတုနှင့်အစစ်" ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ဟောပြောခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများနှင့်အတူ ဟောပြောခဲ့ကြသည့် အကြောင်းအရာများနှင့်ပတ်သတ်၍ အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် ကလေးစာပေရုပ်ပြစာအုပ်များကို ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)