ပုသိမ် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်သည့် ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် လက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် လက်မှုကုန်ထုတ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးသည် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် One Region One Product (OROP) ထုတ်ကုန်များစွာ ဖော်ထုတ်ထားပါကြောင်းနှင့် တိုင်းဒေသကြီးမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီလည်းဖြစ်ပြီး ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်တို့ကို ပြည်တွင်းသာမက ပြည်ပသို့ပါတင်ပို့လျက်ရှိပါကြောင်းနှင့် ရေထွက်ပစ္စည်းများဖြစ်သည့် ငါး၊ ပုစွန်၊ ဂဏန်းတို့ကိုလည်း တင်ပို့လျက်ရှိပါကြောင်း၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် အစရှိသည်တို့ကို အသုံးပြု၍ လက်မှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် ထုတ်ကုန်များကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန် လိုအပ်ပါကြောင်း၊ ရေကြည်မြို့နယ်အတွင်း ကြိမ်လုပ်ငန်းလုပ်ကိုင်သူအများစုသည် အချောထည်လုပ်ကိုင်သူများဖြစ်ပြီး နိုင်ငံခြားတင်ပို့နေသည့် ကုမ္ပဏီများမှအလုပ်ရုံခွဲများ ဖွင့်လှစ်၍ ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ်ဖြင့်ဆောင်ရွက်ပြီး၊ ကုန်ချောထုတ်လုပ်သူများဖြစ်ကြပါကြောင်း၊ လက်မှုကုန်ထုတ်ပစ္စည်းများ ပြည်ပတင်ပို့နေသည့် ကုမ္ပဏီကြီးများအနေဖြင့်လည်း အမှာစာရရှိမှုအပေါ်မူတည်ပြီး၊ ကုန်ကြမ်းများကိုဝယ်ယူ၍ တစ်ပိုင်းချောကုန်ပစ္စည်းများနှင့် အပြီးချောကုန်ပစ္စည်းများအဖြစ် ရန်ကုန်စက်ရုံများသို့ သယ်ဆောင်ပြီး ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိနေပါကြောင်း၊ ကြိမ်၊ ဝါး ၊ ဗေဒါ ၊ သင် အခြေခံလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် လက်မှုထည်ထုတ်လုပ်မှုပမာဏ မြှင့်တင်နိုင်ရေး၊ ပြည်တွင်းကုန်စည်ပြပွဲများသာမက ပြည်ပကုန်စည်ပြပွဲများတွင် ဒေသခံကြိမ်ထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များပါဝင်ပြသနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားကြရန်လိုပါကြောင်း” ပြေကြားခဲ့ပြီး ပြသထားသည်ကြိမ်ထည်လက်မှုပစ္စည်းများအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးက ဒေသထွက် OROP ကြိမ်၊ ဝါး၊ ဗေဒါ၊ သင်လက်မှုကုန်ထုတ်လုပ်ငန်းများ ထုတ်လုပ်နေမှုနှင့် ပြည်ပပို့ကုန်ဈေးကွက်တိုးမြှင့်ထုတ်လုပ်ရေးအတွက် ဆောင်ရွက်ရမည့် အချက်အလက်များအားလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဌာနမှတ်ပုံတင်ဆိုင်ရာလုပ်ငန်းနည်းစနစ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)