နတ်မောက် ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းခြင်း၊ မြို့နယ်ဥပဒေရေးရာဦးစီးအရာရှိ ဦးငြိမ်းချမ်းထွန်းက မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းက မူးယစ်ဆေးစွဲသူများ၏ လက္ခဏာများ၊ မူးယစ်ဆေးသုံးစွဲရောင်းဝယ်ပါက ကျခံရမည့်ပြစ်မှု ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးများသည် လက်လှမ်းမီသောနေရာတွင် ရောက်ရှိနေသဖြင့် မိမိတို့အပါအဝင်ပြည်သူများ မူးယစ်သံသရာထဲ မကျရောက်ရန်အရေးကြီးကြောင်း၊ အနာဂတ်မျိုးဆက်သစ်များကို ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေပေးနိုင်ရန် မိမိတို့အနေဖြင့် တာဝန်ဝတ္တရားများကို အကောင်းဆုံးလုပ်ဆောင်ရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ရှိပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း