ကန့်ဘလူမြို့တွင် သီးနှံစုံ တစ်ပိုင်တစ်နိုင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကန့်ဘလူ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဒေသခံတောင်သူများသည် ယခုအခါလတ်တလောဝင်ငွေရရှိသည့် မီးဖိုချောင်သုံး စားပင်သီးနှံများ၊ ပန်းများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြပြီး စိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့် စားသုံးသူပြည်သူများ မဖြစ်မနေဝယ်ယူစားသုံးကြသော သီးနှံများဖြစ်သည့် ပန်းမုန်လာထုပ်၊ ပန်းမုန်လာပွင့်၊ ကိုက်လန်၊ ကြက်သွန်နီ၊ကြက်သွန်ဖြူနှင့်ဘုရားပန်းအိုး၊ အလှပန်းအိုးများထိုးသည့် ဂမ္ဓာပန်း၊ မေမြို့ပန်း ၊ပန်းတိမ်ငိုပန်းများကို တစ်ဖက်တစ်လမ်းမှ မိသားစုဝင် ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြသည်။

“ကျွန်နော်အဓိကစိုက်ပျိုးထားတာကတော့ ပန်းမုန်လာပွင့်၊ ပန်းမုန်လာထုပ်၊ မေမြို့ပန်း၊ နံနံ၊ ကြက်သွန်နီ ၊ကြက်သွန်ဖြူသီးနှံတွေကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားပါတယ်။မုန်လာထုပ် နဲ့ပန်းမုန်လာပွင့်တွေဆိုရင် တစ်ထုပ်/တစ်ပွင့်ကို ကျပ် ၃၅၀၀ နဲရောင်းချရပြီး မေမြို့ပန်းကတော့ ရောင်း ချဖို့လိုပါသေးတယ်။ နံနံတစ်စည်းဆိုရင် ကျပ် ၃၀၀ နဲ့ရောင်းချရပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့ သီးနှံတွေရှိသလို နောက်ထပ်စားပင်သီးနှံများကိုလည်း စိုက်ပျိုးဖို့အတွက် ပျိုးထောင်ထားပြီး တစ်ပိုင် တစ်နိုင်အနေနဲ့ အမြဲမပြတ် စိုက်ပျိုးလျက်ရှိပါတယ်” ဟု ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်မှ ကိုယ်တိုင် စိုက်ပျိုးရောင်းချသူ တောင်သူတစ်ဦးကပြောသည်။

စားပင်သီးနှံစိုက်ခင်းများကို စျေးကွက်အခြေအနေပေါ်မူတည်၍ ရာသီအလိုက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကာ ကန့်ဘလူမြို့မစျေး၌ ကိုယ်တိုင်ရောင်းချခြင်း၊ ဖောက်သည်ပေးခြင်းဖြင့် မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိကြကြောင်း စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)