တောင်တွင်းကြီး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေအထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ဇန်နဝါရီ (၁၄) ရက်နေ့ နေ့လယ် (၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုနေ့အကြောင်း ပိုမိုသိရှိပြီး ငယ်ရွယ်စဉ်အခါကပင် စာအုပ်၊ စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များ ရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျပန်းစကားပြိုင်ပွဲကိုကျင်းပရာ အခြေခံပညာကျောင်းများမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ညဏ်စမ်းပဟေဋိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား အခမ်းအနားဖြင့် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)