ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခ

ဟားခါး ဇန်နဝါရီ ၁၆

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ခေတ္တပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားစေရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများအတွက် (၁၃−၁၀−၂၀၂၅) ရက်နေ့မှ (၃−၁၂−၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနားဖြစ်ကြောင်း၊ ယနေ့ကမ္ဘာ့ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံများကို ကြည့်မည်ဆိုပါက ဒေသတွင်း MSME ဖြစ်သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်အောင်မြင်သောကြောင့် စက်မှုလုပ်ငန်းကြီးများ ထူထောင်နိုင်ပြီး အင်အားကြီးစက်မှုနိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံလည်း အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်များ ဖွံ့ဖြိုးအောင်မြင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၏ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်ရေးသည် အခြေခံကျသောအချက်ဖြစ်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာရေးအတွက် အသက်မွေးဝမ်းကျောင်းနည်းပညာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ လိုအပ်သော အရင်းနှီးများရရှိရေးနှင့် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ ကူညီဆောင်ရွက်ပေးခြင်းများလိုအပ်လျက်ရှိကြောင်း၊ သို့မှသာ ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးစီမံကိန်း (၇)ခုရှိသည့်အနက် ချင်းပြည်နယ်အတွင်း နှစ်စဉ်စီမံကိန်း(၃)ခုကို ပြည်သူလူထု၏ လိုလားချက်များအတိုင်း အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပြီး စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် သင်တန်းပြီးဆုံးပြီးနောက် စျေးကွက်ဝင်ကုန်ပစ္စည်းများထုတ်လုပ်ပြီး လက်တွေ့ဘဝနယ်ပယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းငယ်လေးများ စတင်လုပ်ကိုင်စေလိုပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်းများ အောင်မြင်လာပါက ပြည်နယ်အတွင်းရှိ ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေများရှာဖွေလာနိုင်သည်နှင့်အမျှ လူနေမှုအဆင့်အတန်းမြင့်မားလာမည့်အပြင် ချင်းပြည်နယ်၏ GDP တိုးတက်လာမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က အသက်မွေးဝမ်းကျောင်း သင်တန်းများအကြောင်း ရှင်းလင်းပြောကြားပြီး လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းတွင် ထူးချွန်သင်တန်းသူ (၅) ဦးအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်တို့က လုပ်ငန်းသုံးပစ္စည်းကိရိယာများကိုလည်းကောင်း၊ သင်တန်းဆင်းဂုဏ်ပြု လက်မှတ်များကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းကိရိယာများအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန် / ဆက်)