ရွှေဘို ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဉ်ယဉ်ငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းဦးက မူးယစ် ဆေးဝါးအသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး၊ လူမှုူရေးနှင့်ပညာရေးဆိုင်ရာ ထိခိုက်နစ်နာမှုများအပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ရှောင်ကြဉ်ရေး၊ ကာကွယ်ရေးနည်းလမ်းများနှင့် တရားဥပဒေအရ အရေးယူခံရနိုင်မှုများကိုလည်း အသိပညာပေးဆွေနွေးဟောပြောခဲ့ပြီးနောက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရွှေဘိုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာ မြယဉ်ယဉ်ငြိမ်း၊ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းဦး၊ ခရိုင်ဥပဒေအရာရှိ ဦးကျော်သူရထက်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြားရေးဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)