ကျိုက်လတ် ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က (ကျီးချောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ လူကုန်ကူးမှု အကြောင်းနှင့်သက်ဆိုင်သည်များ၊ ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့ စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ “အသိပညာပေးဟောပြောပွဲ”သို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာနည်မော်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်