စစ်ကိုင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ

စစ်ကိုင်း ဇန်နဝါရီ ၁၅

စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဘိုးများ လျော့နည်းကျဆင်းစေရန်အတွက် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ အကြံပေး၊ နွေမှာအသင့်ရှိရေးနှင့်အညီ ရပ်ကွက်၊ ကျေးရွာ များတွင် မီးသတိပေးဆော်သြခြင်း၊ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းလမ်း ရပ်ကွက်၊ Smart Queen စက်ချုပ်သင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်က မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဗူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခဲ့ပြီး တက်ရောက်လာသူများအား လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

နေလင်းအောင်