သဲကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

သဲကုန်း ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီး​ဝေးသွားလာရန်တာဝန်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)ရှိ သာဓုခန်းမတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ပြလှုပ်ရှား)အဖွဲ့ဝင်များမှ မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက်  မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်၍ လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးကော်မရှင်များမှ လိုအပ်သည်များကို ကြီးကြပ်စီမံဆောင်ရွက်ပေးလျက်ရှိသည်။

သဲကုန်းမြို့နယ်တွင်  ရပ်ကွက် (၁၄)ခု /ကျေးရွာ(၃၉) အုပ်စု၊ မဲရုံ(၁၁၆)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ(၈၁၄၈၀)ဦးရှိပြီး၊ နိုင်ငံရေးပါတီ(၈)ခုမှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း(၈)ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (မဲအများဆုံးရသူအနိုင်ယူစနစ်)မှ ကိုယ်စားလှယ်လောင်း(၇)ဦး၊ တိုင်း​ဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (မဲအများဆုံးရသူအနိုင်ယူစနစ်)မှ ကိုယ်စားလှယ်လောင်း(၈)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း(၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)