ကရင်ပြည်နယ်အတွင်းရှိ ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်စုစုပေါင်း ၂၄၂၂ ပါး သာမဏေကျော်စာမေးပွဲ ဝင်ရောက်ဖြေဆို

ဘားအံ ဇန်နဝါရီ ၁၄

သာသနမာမကသာသနာလင်္ကာရအသင်းမှကြီးမှူးပြုလုပ်သော (ဒဿမ)အကြိမ်မြောက်ကရင်ပြည်နယ်ကိုယ်စားပြု မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနမာမကသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီးကို ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ဘားအံမြို့ ကျက်သရေဆောင် ကြာအင်းတောင်ခြေရှိ တည်ဆောက်ဆဲသာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးတွင် ဆင်ယင်ကျင်းပလျက်ရှိသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက  မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနမာမက သာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညို၍ သာသနာရေး ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူငွေများဆက်ကပ်လှူဒါန်းသည်။

အဆိုပါ သာမဏေကျော်စာမေးပွဲကို ကရင်ပြည်နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်စုစုပေါင်း ၂၄၂၂ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာအောင်ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် စာအောင်ဆုချီးမြှင့်အပ်နှင်းမည်ဖြစ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူသွားမည် ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)