ပုသိမ် ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယနေ့ နံနက် ၄ နာရီအချိန်ခန့်က ပုသိမ်မြို့ တိုင်းမှူးဆိပ်ကမ်းမှ ငပုတော မြို့နယ် သင်္ကန်းကုန်းကျေးရွာသို့ ပဲ့နင်း ဦးစိုးလွင်(အသက် ၆၇ နှစ်)မောင်းနှင်လာသည့် အောင်စည်မြတ်ရေယာဉ်နှင့် ပုသိမ်ထီးဆိပ်ကမ်းမှ ကြက်တန်း ကူးတို့ဆိပ်သို့ ဖြတ်ကူးလာသည့် ကျော်မျိုးသူ (အသက် ၂၇ နှစ်)မောင်းနှင်လာသော ပဲ့ထောင်တို့သည် ကြက်တန်းကူးဆို့ဆိပ်အနီးတွင် တိုက်မိကြောင်းသိရသည်။
ရေယာဉ်နှစ်စင်း တိုက်မိမှုကြောင့် အောင်စည်မြတ်ရေယာဉ်မှာ ထိခိုက်ပျက်စီးမှုမရှိသော်လည်း ကျော်မျိုးသူ မောင်းနှင်လာသည့်ပဲ့ထောင်မှာ ငဝန်မြစ်အတွင်း နစ်မြုပ်သွားခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ပဲ့ထောင်ပေါ်တွင် လိုက်ပါလာသည့် အလုပ်သမား ၉ ဦးမှ ၈ ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့သော်လည်း ၁ ဦးမှာ ပျောက်ဆုံးနေပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရေယာဉ် နှစ်စင်းတိုက်မိမှုကြောင့် သင်္ဘောမောင်းနှင်သူနှင့် ပဲ့ထောင်မောင်းနှင်သူ ၂ ဦးကို သင်္ဘောကျဉ်းနယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူ ရန်ဆောင်ရွက်လျက်ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးမှလည်း ရေယာဉ်တိုက်ခိုက် နစ်မြုပ်မှုဖြစ်စဉ်အား ကနဦးစုံစမ်းစစ်ဆေးပြီး ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက် သွားနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မောင်မောင်မြင့် (ပုသိမ်ခရိုင် ပြန်/ဆက်)