သံတောင်ကြီး ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သည့် ကွမ်းသီး၊ တညင်း၊ ဒူးရင်း၊ ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အသက်မွေးဝမ်းကြောင်းအဖြင့် ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်သော်လည်း ဒီဇင်ဘာလအထိ ပုံမှန်ဈေးသာရရှိပြီး ယခုဇန်နဝါရီလ ဒုတိယပတ်မှစပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း သိရသည်။
အဆိုပါ သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးခြောက်များကို တောင်ငူမြို့ရှိ ဖာလာလုပ်ကိုင်ရောင်းဝယ်သူကုန်သည်များထံ သွားရောက်ရောင်းချပြီး ယခင်နှစ်ဧပြီလတွင် တစ်ပိဿာကျပ် (၂၈၀၀၀) ထိ ရရှိသည်။ ဖာလာစတင်ဆွတ်ခူးသည့် စက်တင်ဘာလတွင် တစ်ပိဿာ ကျပ် (၁၂၀၀၀)၊ အောက်တိုဘာလမှ ဒီဇင်ဘာလတွင် ကျပ်(၁၆၀၀၀)မှ ကျပ်(၁၈၀၀၀)ထိ သာရရှိပြီး ချဉ်ပေါင်ဖာလာသီးအထွက်နှုန်း လျော့နည်းမှု၊ လုပ်အားခ၊ သယ်ယူစရိတ်နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ချဉ်ပေါင်ဖာလာ စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် ဈေးကောင်းများရရှိရန် မျှော်လင့်လျက်ရှိသည်။ ဇန်နဝါရီလ ဒုတိယပတ်မှစပြီး ဖာလာအခွံခြောက် တစ်ပိဿာလျှင် ကျပ်(၂၀၅၀၀)အထိ ရရှိသည့်အတွက် ဖာလာသိုလှောင်သည့် တောင်သူများ၊ ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နော်နော်မူ (ပြန်/ဆက်)